နာကျင်သောစိတ်တို့ဖြင့်ရေးသောစာ
မနက်ဖြန်မနက်အစောကြီးဆိုရင်ကိုယ်နဲ့အတူတူဒီနိုင်ငံမှာအေးအတူပူအမျှ ( တကယ့်ကိုအေးအတူပူအမျှနေခဲ့ကြတာပါ) နေခဲ့တဲ့အမတစ်ယောက် ချစ်သောနိုင်ငံနဲ့သူချစ်တဲ့သူ့မိဘတွေဆီအပြီးပြန်ပြီ။ သူ့အတွက်တော့အင်မတန်မှမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်သလိုလုပ်ခွင့်ရနိုင်တဲ့သူ့အနေအထားကိုကိုယ်နားလည်ပါတယ် ။ သူ့မှာအများသူငါအပူတပြင်းလိုအပ်နေသလို အသပြာကိုမရမနေမလိုအပ်ခဲ့ဘူးကိုး ။
ကိုယ်ဘယ်လိုဟန်ဆောင်ဟန်ဆောင် ဘယ်လိုဘဲ ဂိမ်းထဲမှာစိတ်ကိုရောက်အောင်လုပ်လုပ်နောက်ဆုံးတော့ ဦးဏှောက်က ခံစားတတ်တဲ့ရင်ဘတ်ကြီးကိုအရှုံးပေးလိုက်ရပါတယ်
ကိုယ်တစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတဲ့အတ္တဒုက္ခ သူစိမ်းတွေအလယ်မှာ ကိုယ်နဲ့ဘယ်လိုမှအံခွင်ဝင်ကျမရှိတဲ့ ဒီပတ်ဝန်းကျင်အလယ်မှာ ကျမတို့ညီအမတွေလို အခက်အခဲတွေကို တစ်ယောက်ကိုတစ်ယောက်အားပေးပြီး ရင်ဆိုင်ခဲ့ကြတာပါ။ ဘာလေးဘဲဖြစ်ဖြစ် ဖွင့်ဟတိုင်ပင်နားထောင်ပေးခဲ့ကြပြီး ကျမကိုညီမတစ်ယောက်လို အစစအရာရာ နားလည် နားထောင်ပေးခဲ့တယ် ဘယ်အချိန်ဘဲဖြစ်ဖြစ် ညကြီးသန်းခေါင် စိတ်ထဲမှာမဆန့်အောင်ခံစားရတဲဒဏ်ရာတွေတိုင်းကို စိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့တယ်
သူစိမ်းသူရံ လူမျိုးခြားတွေနဲ့ ခင်မင်တိုင်း ကျမကိုစိတ်မချစွာချစ်ခင်ဆုံးမခဲ့တယ် ကျမငိုရင်လိုက်ငိုပြီး ကျမရယ်ရင်လိုက်ရယ်ပေးခဲ့တယ် ကျမသိပ်စိတ်ညစ်နေခဲ့ရင် မျက်နှာပျက်ပျက်နဲ့ကြည့်နေတတ်တဲ့ အမလဲအမ သူငယ်ချင်းလည်းဖြစ်သူကို မပြန်ပါနဲ့လို့မတားရက်ခဲ့ဘူး
ကျမသာဆိုရင်လည်း မျက်ရည်တွေသာစုထားရင် ပင်လယ်ထက်များခဲ့မယ့် စိတ်ညစ်ရတဲ့ဒီနေရာကို ခွာခွင့်ရတာနဲ့ခွာသွားမှာဘဲ
ကျမနဲ့သူနဲ့ ဒီနိုင်ငံမှာလိုချင်တာရှိတိုင်း မ၀ယ်ခဲ့ကြဘူး အိမ်အသုံးအဆောင်ကအစ ပစ္စည်းသေးသေးလေးတွေအဆုံး သံယောဇဉ်နဲ့ထားခဲ့ရမှာစိုးလို့ပါ ကိုယ့်နိုင်ငံကိုပြန်သယ်ဘို့ ကျမတို့ကို အောက်ခြေ၀န်ထမ်းတွေအတွက်ခက်ခဲတာကိုး
အလုပ်သဘောအရ စက္ကန့်ပိုင်းအတွင်း job secure မဖြစ်တာမို့ ကျမတို့၂ယောက် ရီရီမောမော အမြဲအထုပ်အသင့်ပြင်ထားခဲ့ကြတယ်
ဒါတောင်ကျမက ကွန်ပြူတာနဲ့နက်မရှိမဖြစ်သူမို့ ဒီနိုင်ငံမှာဈေးကြီးပေးပြီးဝယ်ထားရတယ် ဒီကထွက်သွားရင်ဒါတွေအားလုံးကိုဒီအတိုင်းထားပစ်ခဲ့ရမှာလေ။
သူကတော့အခုအားလုံးအသင့်ဖြစ်သွားခဲ့ပြီ မနက်ဖြန်မနက်အစောကြီးကျမလေဆိပ်ကိုလိုက်ပို့ရမယ်
ဆုတောင်းပါတယ် ကျေးဇူးပြုပြီး အမရှေ့မှာမငိုမိပါစေနဲ့
ကျမကဟန်ဆောင်ကောင်းသူလေ ဂဏန်းပီပီ အပြင်ကမာကျောတယ်ထင်ရပေမယ့် အတွင်းစိတ်က လူကိုဘုံးဘုံးလဲကျသွားသည်ထိပျော့ညံ့တတ်ပါတယ်
သူလည်းကျမကိုစိတ်မချဘူး နေ့စဉ်နေ့တိုင်း အမှာစကားတွေတဖွဖွမှာပါတယ် မြန်မာပြည်ပြန်ရောက်သွားရင် ကျမတို့တွေစကားပြောနိုင်ကြမယ်မထင်ဘူး
သူကအင်တာနက်ကိုစိတ်မ၀င်စားသလို ကြိုးမဲ့ဆက်သွယ်ရေးကိုလည်းစိတ်မ၀င်စားဘူး ဖုန်းမြောက်များစွာပိုင်ဆိုင်ပြီးဘယ်တော့မှဖုန်းမကိုင်သောသူလို့ပြောလို့ရသူပါ
ကျမအိပ်မပျော်ဘူး အမရယ် ဘယ်လိုအင်အားများနဲ့ကျမတစ်ယောက်တည်းရင်ဆိုင်ရပါ့မလဲ လူမျိုးခြား အလုပ်ကသူငယ်ချင်းတွေနဲ့ လူမှုရေးအရအပြင်ထွက်ရတိုင်း လက်ကိုင်ဖုန်းကိုဖွင့်ပြီး စိတ်မချဖြစ်တတ်တဲ့အမ
အမရယ် ဂျူကသင်္ကြန်အမြောက်ပါ လို့ပြောတော့ ရီရီမောမောနဲ့ စိတ်ကတော့ပူတာဘဲလို့ စိတ်ပူပေးတတ်တဲ့အမ
ဒါကတော့လုပ်သင့်တယ် ဒါကတော့ကျမဆိုရင်ဒီလိုထင်တယ် (သူ့ကိုယ်သူကျမလို့ဘဲအမြဲပြောပါတယ်) နဲ့ပျော့ပျော့လေးနဲ့အစဉ်မပြတ်ကျမကိုဆိုးသွမ်းမသွားအောင် ခပ်တည်တည်ပြောတတ်တဲ့အမ
ကျမသူ့ကိုခဏခဏစိတ်ဆိုးစိတ်ကောက်ဘူးတယ် သူလည်းကျမကြောင့်မျက်ရည်ကျရဘူးတယ် ဒါပေမယ့်ကျမကိုထူးထူးခြားခြားခွင့်လွှတ်ပေးခဲ့တယ် (သူကလည်းသူ့အသိုင်းအ၀ိုင်းပတ်ဝန်းကျင်မှာတော့သူ့သဘောကျနေနိုင်သူလေ)
ကျမက ဒီဘ၀ကိုမရခင်မှာတော်တော်ဆိုးခဲ့ပုံပေါက်ပါတယ် အမြဲမဟုတ်တမ်းတရားတွေနဲ့စွပ်စွဲပြောဆိုခံရသူပါ ကျမစိတ်ကိုနားလည်ဘို့ခက်ခဲသူဖြစ်ပြီး ကံဆိုးစွာ သူတပါးကအမြဲအထင်လွဲခံရသူလည်းဖြစ်ပါတယ်
အမလည်းအရင်က သူများပြောစကားနဲ့ကျမကိုနားမလည်ခဲ့ပါဘူး ဒီနိုင်ငံမှာ၂ယောက်သားအကြောင်းသိနားလည်သွားချိန်မှာ သူစိတ်မကောင်းစွာပြန်ပြောခဲ့ပါတယ်
တတ်နိုင်သလောက်ကိုကျမနဲ့ပတ်သတ်တဲ့ မဟုတ်တဲ့သတင်းတွေကိုပြန်ချေပပေးခဲ့ပါတယ်
သူအထင်လွဲခဲ့တာတွေကိုလည်းပွင့်ပွင့်လင်းလင်းရှင်းပြခဲ့ပါတယ် တကယ်တော့ကျမတို့က ကိုယ့်နိုင်ငံမှာတုန်းက
ကျမဆိုတဲ့သူက ကိုယ်မှန်တယ်ထင်ရင် တရားတော်နဲ့ညီတယ်ထင်ရင် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးသူပါ
သူကလည်းကျမဆိုတဲ့ ငဆိုးမကို ခပ်ဝေးဝေးကမဆိုင်သလိုနေခဲ့သူပါ ကျမကိုခင်မင်ပေါင်းသင်းစရာလူလို့ကိုစာရင်းမသွင်းခဲ့သူပါ
သူကလည်းတော်တော်အံ့သြနေခဲ့ပါတယ် ကျမရဲ့သတင်းတွေနဲ့ကျမဟာ တခြားစီဖြစ်နေခဲ့သူမို့ပါ
ရှေးကုသိုလ်လို့ဘဲမှတ်ယူရပါတော့မယ်
ကံကြမ္မာရယ် နားလည်ပါတယ် တွေ့ဆုံကြုံကွဲကို ဒါပေမယ့်လည်း သူစိမ်းတွေအလယ် သူများနိုင်ငံမှာ ခံစားချက်တွေကိုနားလည်နားထောင်ပေးနိုင်မယ့်သူ မရှိချိန်မှာ ကျမတို့တွေညီအမတွေလိုချစ်ခဲ့ကြတယ်
သူပြန်တော့မဲ့ရက်တွေကပ်လာလေလေ ကျမအတွက်အိပ်ချိန်လျော့လေပါပဲ မအိပ်နိုင်ဘူး အမကိုလည်းမပြောရက်ခဲ့ဘူး ထပ်မငိုစေချင်တော့တဲ့အတွက်ပါ
ကျမရုံးမှာနာကျင်ဝမ်းနည်းရတိုင်း ခံစားရတဲ့အချိန်မှာဖုန်းဆက်ပြီး ခံစားရသမျှကိုဖောက်ထုတ်နိုင်ခဲ့တဲ့အတွက် ရုံးမှာပြဿနာနည်းခဲ့တာသူမ ကြောင့်ပါ တစ်ခါတစ်လေ ရုံးကနေ၅ခေါက်လောက်ကိုဆက်ခဲ့တယ်
လူမျိုးကြောင့် နိုင်ငံကြောင့် ကိုယ့်ရဲ့ဘာသာစကားမကျွမ်းကျင်မှုကြောင့် နောက်ကျောကိုဓါးနဲ့ထိုးခံရတိုင်း ကျမနာကျင်စွာမျက်ရည်ကျရတဲ့စိတ်ကို သူမရဲ့စိတ်တွေနဲ့မျက်ရည်သုတ်ပေးခဲ့တယ်
အမအတွက် ဒီစာကိုရေးဖြစ်ခဲ့တယ်
အင်တာနက်မကြည့်တဲ့အမဘယ်တော့မှမမြင်နိုင်မယ့်စာမှန်းသိပေမယ့် နာကျင်နေတဲ့ဒီရင်ကိုကျမဒီလိုမှမျက်ရည်တွေနဲ့မရေးလိုက်ရင်ကျမရင်ဘတ်တွေနာကျင်လွန်းလို့ ပေါက်ကွဲထွက်တော့မယ်
အခုကျမဒီစာကိုရေးနေတယ်အမရေ ကျမက အပြင်ခွံမာသောဂဏန်းဆိုတော့ဟန်ဆောင်ကောင်းစွာ အမရှေ့ရီမောပြနိုင်ပေမယ့် ညကြီးသန်းခေါင် ဒီစာကိုထရေးနေတယ်လို့ဖြင့်အမသိနိုင်မယ်မထင်ဘူး
ကျမလေ နာကျင်သောကိုယ်ရှိပေမယ့်နာကျင်သောစိတ်မရှိချင်ခဲ့ဘူး
ဒါပေမယ့် ကျမဘ၀တစ်လျောက်လုံး ချစ်သောသူတွေနဲ့အမြဲကွေကွင်းခဲ့ရတယ်
မြတ်စွာသောသနားဂရုဏာတော်ကြီးမားသော ဘုရားရှင် - ဆုပေးခြင်းမှလွတ်မြောက်တော်မူသောအရှင် တောင်းဆုယူပါ၏ ကျေးဇူးပြုပြီးနောက်ထပ်နာကျင်သောကိုယ်မဖြစ်စေဘို့ ချစ်ခြင်းတွေကိုအတတ်နိုင်ဆုံး အဝေးမှာထားပါရစေ။
သြဂုတ်လ ၆ရက် ကြာသပတေးနေ့ မနက်၂ နာရီမှာအိပ်မရသောစိတ်ဖြင့်မှတ်တမ်းတင်ပါတယ်။
အခု ၃နာရီခွဲသွားခဲ့ပြီ။
ချစ်သောသူငယ်ချင်းအမမဖြူအတွက်ပါ

Comments
Post a Comment