အိတ်ပိတ်ထားသောစာစု (zephyr)
နှင်းတဖွဲဖွဲ ....
တိုးတိတ်နံနက်ခင်းသာယာ....
လှပနူးညံ့သောခြေလှမ်းမှားသာသက်သေ ..................
တနေ့တနေ့ ကိုယ်စိုက်ပျိုးသမျှကို ရိတ်သိမ်း
မငြိမ်းနိုင်တဲ့အလွမ်းတွေ
အလေ့ကျပေါက်လွန်းနေတယ်
(Zephyr)
နှလုံးသားကို အစိမ်းရောင်ကြက်ခြေခတ်တစ်ခုနဲ့သာခတ်ပိတ်ထားပါသည်
လွမ်းရမှာကိုကြောက်တဲ့ ပန်းလေးတစ်ပွင့် မနက်ဖြန်လှလှကို အရောင်ခြယ်ထားရင်း
သူ့ကိုယ်သူအားတင်းမျှော်ကြည့်နေပြန်တယ်
အခါခါရှုံးနိမ့်နေကျ မျက်လုံးတွေနဲ့ ငြင်းဆန်လိုက်တဲ့နောက်မှာ
ဗလာထဲမှာရှိနေတဲ့ တစ်ခုခုဟာ ငါပဲပေါ့
သောကဟာ ခရမ်းရောင်နုနုလို ရေမှုန်ရေမွှားလေးတွေနဲ့လက်စင်ဝင်းပနေမလား
အိပ်မက်ထဲကချစ်သူ ငိုရှိုက်သံတစ်စဟာ ဘဝဂ်အထိခါးသွားတယ်
ပြောပါ
လူမမာတစ်ယောက်လို ဖျော့တော့နေတဲ့
ယုံကြည်မှုတစ်ခုကို ဘယ်လိုတပ်ဆင်လို့ရသေးလဲပြောပါ
သစ်ရွက်လေးကြွေကျမှာငေးကြည့်နေတဲ့သူတစ်ယောက်နဲ့
ကြယ်တစင်းကြွေချိန်မှာငေးကြည့်နေတဲ့သူတစ်ယောက်
အကြည့်ချင်းမဆုံခဲ့တာ သဘာဝကျကျ ကြွေကျမှုတစ်ခုလို့ဘဲပြောပါ
ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ ရှာရင်တွေ့မယ်လို့ပြောပါ
သစ်ရွက်လေးသာကြွေကျသွားမယ် ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ
ကြယ်လေးတွေသာကြွေကျသွားမယ် ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ
ပိတောက်ရနံ့မှာ ချစ်သူရဲ့ကိုယ်သင်းနံ့ပါတယ်လို့ယုံကြည်ပါ
ချစ်သူရဲ့အပြုံးတစ်ဝက်ဟာ ကောင်းကင်ဘုံပေါင်း ရှစ်သောင်းလေးထောင်နဲ့ညီမျှတယ်လို့ယုံပါ
ချစ်သူကို ချစ်မြတ်နိုးနေခြင်းမှာ နေသားတကျဖြစ်နေတဲ့စိတ်နဲ့ အိပ်ရာဝင်ပြီး ချစ်သူကို အေးချမ်းစေချင်တဲ့စိတ်နဲ့ အိပ်ယာထပါ
အရုဏ်ကို နှင်းဆီပန်းလှလှတွေလို ဝန်းဖွဲ့ချည်နှောင်ပြီးချစ်သူကိုလက်ဆောင်ပေးပါ
ချစ်သူရဲ့ရယ်သံကို ဘယ်ဘက်ရင်အုံမှာ ခမ်းခမ်းနားနားသိမ်းဆည်းပြီး အတူရှိနေတဲ့ စက္ကန့်လေးတစ်ခုစီကိုတန်ဖိုးထားပါ
ချစ်သူကို ချစ်တယ်လို့ပြောဖို့ လူဖြစ်လာတာလို့ယုံကြည်ပါ
တစ်ခုခုအတွက်မဟုတ်ဘဲ သဘာဝတရားတခုလို သူ့ကိုတန်ဖိုးထားချစ်မြတ်နိုးကြောင်းဘာသာစကားအကန့်အသတ်ကြားထဲက တတ်နိုင်သမျှဖွင့်ဆိုပါ ။
စံပယ်ပန်းရနံ့သည် ကျိန်စာတစ်ခုလိုတိုးဝင်လာသည်
ညီမျှခြင်းတစ်ဖက်သို့ ချစ်သူရောက်သွားသောအခါ ဘဝသည် သုညဆန်လှသည်
အစားထိုးထားသော ကိန်းတန်းများသည် ကဗျာ ၊ ဂီတ ၊ ဝိပဿနာ အစချီ၍
လွမ်းဆွတ်ခြင်းဖြင့်အဆုံးသတ်သော ကိန်းတန်းရှည်ကြီးတစ်ခုဖြစ်သည် ။
တစ်ယောက်တည်းလာခဲ့သောလောကသည် ယခုတော့ တစ်ခုခုပဲ့ထွက်ထားသောစိတ်နှင့် တစ်ယောက်မပြည့်ပြန်တော့၊
ညီမျှခြင်းတစ်ဖက်သို့ ချစ်သူရောက်သွားသောအခါ ညီမျှခြင်းကို မျဥ်းတစ်ကြောင်းကန့်လန့်ဆွဲ၍
အသည်းကွဲနေသည် မနှောက်ယှက်ပါနှင့်ဟု ဆိုင်းဘုတ်တစ်ခုခပ်တည်တည်ချိတ်ဆွဲထားလိုက်ရသည်။
ညီမျှခြင်းတစ်ဖက်သို့ ချစ်သူရောက်သွားသောအခါ ညတာအရှည်ဆုံးဆောင်းတစ်ခုကိုရခဲ့သည်
ညီမျှခြင်းတစ်ဖက်သို့ ချစ်သူရောက်သွားသောအခါ
ကျဆင်းနေသော နှင်းစက်မြူမှုန်တို့သည် အသွင်ပြောင်းထားသောအလွမ်းမျှသာဖြစ်သည်။
လွမ်းဆွတ်ခြင်းသည် ကပ်သုံးပါးဖြစ်သည်
ရွက်ကြွေတောများသာ စိမ်းလန်းလာကြပြန်သည်
သံသရာသည် လွမ်းဆွတ်မှုတို့ဖြင့်တည်ဆောက်ထားသော မုတ်သုံသစ်တောဖြစ်သည်
လွမ်းဆွတ်မှုသည် ရွေ့ပြောင်းတောင်ယာဆန်သည်
တစ်ခါတစ်ရံ လှေကားထစ်စိုက်ပျိုးစွာ လွမ်းဆွတ်ပြန်သည်
တမိုး နှစ်သီးလွမ်းဆွတ်ခဲ့သော်လည်း ရိတ်သိမ်းချိန်သည် လိုအပ်သည်ထက်နောက်ကျနေသည်
ရိတ်သိမ်းချိန်သည် ထွက်ပေါ်မလာခဲ့တော့။
ရိတ်သိမ်းချိန်သည် အလင်းရောင်တည့်တည့်ပုန်းကွယ်နေသည့်အရိပ်လိုပျောက်ရှသွားသည်။
လွမ်းဆွတ်မှုသည် သင်နှင့် ကျွန်ုပ်တို့၏မျက်ကြည်လွှာလို နီးနီးလေးတွင်ပျောက်နေသည်
လူပြောသူပြောများသော လွမ်းဆွတ်မှုတွင် သိသာထင်ရှားသော မျက်ရည်နှင့် အငွေ့ပျံနေသောမျက်ရည် (ကြေကွဲမှု) ဟူ၍နှစ်မျိုး နှစ်စားရှိသည်
ထို့ကြောင့် လွမ်းဆွတ်မှုသည် ကပ်သုံးပါးဖြစ်သည်
နေကိုဗဟိုပြု၍လည်ပတ်နေသော ကမ္ဘာပေါ်တွင် ချစ်ခြင်းတရားကိုဗဟိုပြု၍လည်ပတ်နေသော လူသတ္တဝါများမှီတင်းနေထိုင်ကြသည်
ပန်းတပွင့်ပွင့်ရန်လိုအပ်သော နူးညံ့သောခွန်အားသည် မျှော်လင့်ချက်ပမာဏ တစ်စုံတစ်ခုဖြစ်သည်
ကြည်လင်သာယာသော ဆောင်းညနေခင်းမှာ သင်နှင့် ကျွန်ုပ်တို့အတွက်ဖြစ်ပြီး
ချစ်သူဖြေချထားခဲ့သောလက်များဖြင့်သာ ကျွန်ုပ်တို့ သစ်ပင်များ ဆက်လက်စိုက်ပျိုးကြပြီး မိတ်ဆွေများကို စုဆောင်းသိမ်းဆည်းခဲ့ကြသည် ၊
မြောက်များစွာလှသော ရွေးချယ်စရာများထဲတွင် သတိတရ ပို့သလိုက်သောမေတ္တသည် သူမထံသို့သွားနေဆဲဖြစ်နေပြန်သည် ။
ဆဟာရ၌ ကုလားအုတ်တစ်မျိုးသည်
ဆူးခြုံပင်များကို သွေးအလိမ်းလိမ်းဖြင့် နှစ်ခြိုက်စွာစားသုံးနေသည်
ဆဟာရနှင့်ဝေးစွာသောအရပ်၌ လူတစ်ယောက်သည လွမ်းဆွတ်မှုဆူးပင်ကို နှလုံးသားဖြင့်စားကြည့်နေပြန်သည် ။
ထိုတိုက်ဆိုင်မှုကြောင့် တစ်စုံတစ်ယောက်သည တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုသောအတိုင်းအတာတစ်ခုထက်
တိတိပပ ပို၍ချစ်ခဲ့သည်မှာ အန္တရာယ်များလှသည် ။
ကုလားအုတ်၏အပြုံးကို သင်တို့တွေ့မိပါသလား
ထို့ကြောင့် နှလုံးသားကို အစိမ်းရောင်ကြက်ခြေခတ်တစ်ခုနဲ့သာ ခတ်ပိတ်ထားပါသည်
လွမ်းရမှာကိုကြောက်တဲ့ ပန်းလေးတစ်ပွင့် မနက်ဖြန်လှလှကို အရောင်ခြယ်ထားရင်း သူ့ကိုယ်သူအားတင်းမျှော်ကြည့်နေပြန်တယ်
အခါခါရှုံးနိမ့်နေကျ မျက်လုံးတွေနဲ့ ငြင်းဆန်လိုက်တဲ့နောက်မှာ
ဗလာထဲမှာရှိနေတဲ့ တစ်ခုခုဟာ ငါပဲပေါ့
သောကဟာ ခရမ်းရောင်နုနုလို ရေမှုန်ရေမွှားလေးတွေနဲ့လက်စင်ဝင်းပနေမလား
အိပ်မက်ထဲကချစ်သူ ငိုရှိုက်သံတစ်စဟာ ဘဝဂ်အထိခါးသွားတယ်
ပြောပါ
လူမမာတစ်ယောက်လို ဖျော့တော့နေတဲ့
ယုံကြည်မှုတစ်ခုကို ဘယ်လိုတပ်ဆင်လို့ရသေးလဲပြောပါ
****************************************************
အချိန်ဆိုသော သမားတော်တစ်ယောက် ဆေးမကုတော့တာကြာခဲ့ပါပြီ။
****************************************************
Comments
Post a Comment