၂၀၀၈ ဒိုဟာ ကာတာ

အတွေ့ အကြုံလေးတစ်ခု ၊ သူငယ်ချင်းတစ်ချို့ ကတော့ သိပြီးသားပါ ။ ၂၀၀၆ ၊ ၂၀၀၇ လောက်ထိ ဒီနိုင်ငံမှာ မိန်းကလေးဝန်ထမ်းသိပ်မရှိသေးဘူး ။ အားလုံးနီးပါ ယောက်ကျားလေးဝန်ထမ်း ။ မိန်းကလေးအသုံးအဆောင်ဆိုလဲ သူတို့ ကြားထဲဝယ်ရတယ် ။ ဈေးဝယ်သူ ဈေးရောင်းသူ ယောက်ကျားလေးတွေများတယ် ။ ၂၀၀၆ သင်တန်းတက်တုန်းကဆို နေတဲ့ ဟိုတယ်နဲ့ သင်တန်းဆောင်က ၅ မိနစ်ဘဲလမ်းလျောက်ရတာ ၊ ကမ်းနားလမ်းလို့ ကြီးကြီးကျယ်ကျယ်မဖြစ်ခင်ကပေါ့ ။ အာလိန်၅ဆင့် လို့ မြန်မာတွေခေါ်တဲ့  အစ်စလမ်ယဉ်ကျေးမှုကျောင်းကြီးက ဆောက်လုပ်ဆဲ ၊ ဆုခ်ဝါကစ်လို့ ခေါ်တဲ့  ရိုးရာဈေးလေးကလဲ ရိုးရာရနံ့ လေးတွေနဲ့  ၊ အခုလို ထည်ထည်ဝါ၀ါနဲ့ လူပေါင်းစုံ မလာဘူး ။ ရှိရှားရှူ ၊ ကော်ဖီသောက် အဲလောက်ဘဲ ။ ပြောချင်တာက အဲဒီနှစ်ပိုင်းလောက်တွေမှာ မိန်းကလေးတွေက သိပ်နေရာရတယ် ။ မိန်းကလေးတွေက လုံးဝနီးပါး လမ်းမလျောက်ကြဘူး။ ကိုယ်သင်တန်းသွားတိုင်း တက်ကစီ မစီးချင်ဘူး ၊ ပိုက်ဆံအလကားကုန်တယ် ဟိုတယ်အကွေ့ လေးကိုကျော်ပြီး ကားလမ်းကူးရင် သင်တန်းအဆောက်အဦရောက်ပြီ။ အဲဒါကိုယ်လမ်းကူးတိုင်း ကားဟွန်းတွေတီးပြီး ပေ၂၀ ကွာလောက်ကရပ်ပေးတယ် ။ ယောက်ကျားလေးဆို ဖြတ်တိုက်သွားရော (နောက်တာ) ။ ဒါပေမယ့်  မိန်းကလေးတစ်ယောက်တည်းထွက်ရင်လဲ သိပ်မလုံခြုံဘူး ။ ကားတင်ပြေးတာ စော်ကားခံရတာတွေရှိတယ် ။ ၂၀၀၈ ခုမှာကိုယ်အ ရင်နေတဲ့  ရှိတ်အဗဒူလာအဆောင်က ထုံးစံအတိုင်း မိန်းကလေးဆောင်လဲဖြစ် အယ်လ်မဟာ ဆိုတဲ့ ဧည့် ကြိုဌာနက မိန်းမချောလေးများရဲ့ အဆောင်လဲဖြစ်တော့  အညှီရှိရာ ယင်အုံဆိုသလို ညနေပိုင်းနဲ့ ညပိုင်းမှာ ဒိုဟာရဲ့ နောက်ဆုံးပေါ် ကားပေါင်းစုံ တွေ့ ရတယ် ။ ကိုယ်ကတော့  တခြားဌာနကနေ အဲဒီ မချောတို့ အလယ်ရောက်သွားသူပေါ့  ။ ကိုယ်က ပုံမှန်ဆိုရင် သောကြာနေ့ ညနေ၁ နာရီလောက်ဆို စူပါမားကတ်ကိုဈေးသွားဝယ်နေကျ ၊ တစ်ပတ်စာ သွားသွားဝယ်တာ ။အဲဒီနေ့ က ကိုယ် ပိုအိပ်လိုက်တော့ နောက်ကျသွားတာရယ် စူပါမားကတ်ကို ၂၀ မိနစ်လောက်လမ်းလျောက်ရမှာရယ် အပျင်းထူပြီး အဆောင်ကနေ ခြေလှမ်း ၂၀ လောက်လျောက် ပြီးရင်လမ်းကူး ။ grogercy ဆိုတဲ့ ဆိုင်လေးတွေ မြန်မာပြည်အခေါ်ဆိုရင် အိမ်ဆိုင်မျိုးပေါ့ ( ဒါပေမယ့် သူတို့ ဆိုင်တွေက သားနားတယ် ။ )ေ၇ာက်ပြီ ။ ကိုယ်အဲနေ့ က ရှူးဖိနပ်အပါးနဲ့ တော်ရုံအပြင်ထွက် ၀တ်စုံ ၀တ်ပြီး သွားဝယ်တယ် ။ ပြန်လာတော့ ကိုယ့် လက် ၂ဖက် က အိတ်၂လုံးကိုင်လို့ ပေါ့  ။ ခပ်လှန်းလှန်းက အာရပ် အဖြူဝတ်ကောင်လေး၃ ယောက် လမ်းလျောက်လာတယ် ။ ညီအကိုတွေလား ဘာလားတော့ မသိဘူး ။ ကိုယ့် အတွက်တော့ ဒင်းတို့ တွေက အိမ်က တူတော်မောင်ထက်တောင်ငယ်မယ်ထင်တာဘဲ ။ ငယ်ငယ်နုနုလေးတွေ ။ အဲဒါနဲ့  ဂရုစိုက်စရာမလိုဘူးလေဆိုပြီး လမ်းကူးတယ် ။ သူတို့ လဲ လမ်းကူးတယ် ။ ကိုယ်တို့ နားမှာ မောစ့်  ဘုရားရှိခိုးကျောင်းရှိတယ် ။ အော် သူတို့ မောစ့် လာတယ်ပေါ့ ။ ဗြုန်းကနဲဆို ကိုယ့် ကို နောက်ဖက် ကနေ အရှေ့ အပေါ်ပိုင်း မအပ်စပ်တဲ့ နေရာကို လာထိတယ် ။ လှည့် ကြည့် လိုက်တော့  ငမြောက် ငခြောက် ၃ ယောက် ။ ဒေါသက ငယ်ထိပ်ရောက်သွားတာ ။ သူတို့ စနောက်နေကျ လား ကျန်တဲ့ မိန်းကလေးတွေက ခံတာလား ။ မပြောရဲတာလားတော့ မသိဘူး ။ သကောင့် သား ၃ကောင်က ခွိခွိနဲ့  ပုံမှန်အတိုင်းဆက်လျောက်သွားတယ် ။ ဘေးနားက အဆောင်နေ၀န်ထမ်းမိန်းကလေးတွေရော သူတို့ ဆီလာလည်တဲ့ သူတွေကော မသိချင်ယောင်ဆောင်နေတယ် ။ ဘာရမလဲ ။ ဒီက ဒေါသကကြီးတော ၀တ်ထာတဲ့ ရှူးဖိနပ်ကိုချွတ် ပိတ်ပေါက်တာ ၁ယောက်ကထိသွားတယ် ။ အမယ် သူတို့ကဘဲဒေါသနဲ့ ရှူးရှူးရှားရှား အော်ဟစ်တယ် ။ ဒီကလဲ လာစမ်းဆိုပြီး ၀ယ်လာတဲ့ ခရမ်းချဉ်သီး အာလူး ရေဗူး ဘာမှမကျန်ဘူး ပေါက်တာ နောက်ဆုံး ကိုယ်တကယ်ဒေါသထွက်နေမှန်းသိတော့ သူတို့လန့် ပြီးပြေးတာ ပြေးတာ ကိုယ်က ဖိနပ်ဗလာနဲ့ နောက်ကလိုက်ပြီး ကျိန်တာ ။ ဟိ သူတို့ သိအောင် ယင်းဂလိပ်လို လဲ ကျိန်ရသေးတယ် ။ နင်တို့ ဘုရားကျောင်းသွားတာ နင်တို့ ဘုရားရိုက်မယ် ။ နင့် အမေ နင့် အမအရွယ် ငါ့ ကို ဒါနောက်စရာမဟုတ်ဘူး ။ နင်တို့ ကောင်းကင်ဘုံမရောက်ဘဲ ငရဲမှာေ၇ာက်မယ် ။ ငါခွင့် မလွှတ်ဘူးတွေ ဘာညာ ။ စိတ်တိုနေတော့  အကုန်ပြောတာဘဲ ။ နောက်တော့ အငယ်ဆုံးကောင်လေးက ဖိနပ် ၂ဖက်လုံးကောက်ပြီးလာပြန်ပေးတယ် ။ ကိုယ် အဲဒီအချိန်မှာ ဘီလူးရုပ်ထွက်နေလာမသိဘူး ။ ရိုရိုသေသေ ဖိနပ်လာပေးတယ် ။ နင်ကျိန်တာတွေ ပြန်ဖျက်ပေးပါ ။ သူတို ၂ယောက်ကိုယ်စားငါတောင်းပန်တယ်တဲ့ ။ အကောင်းအတိုင်းကျန်သေးတဲ့ ပစည်းတွေလဲကောက်လာတယ် ။ ငါလက်မခံဘူး ။ လွှင့် ပစ်လိုက် ။ ဘယ်တော့ မှခွင့် မလွှတ်ဘူးလို့ ပြောရင်းအဆောင်ထဲ ၀င်လာတာ ။ အဲဒီ အငယ်လေးက ရပ်နေတယ် ။ အဲလိုမကျိန်ဘို့ ပြောတယ် ။ ဒေါသက အဲလိုပြောလေ ပိုထွက်လေ ။ နောက်တော့ သူလဲ အဲဒီဖိနပ်ကို အဆောင်ဝမှာထားပြီးပြန်သွားတယ် ။ ပြန်တွေးကြည့် လိုက်တော့  အဲဒီအချိန် ဘာလို့ ဒီလောက်ဒေါသကြီးသွားရသလဲဆို ရင် ကိုယ်က ကလေးတွေလို့ ယူဆသူက လာစော်ကားတဲ့ အခါရယ် ။ အတူနေ အဆောင်နေ မိန်းကလေးတွေက စော်ကားခံရတာကို သိသိကြီးနဲ့ ကြည့် နေတာကို မကျေနပ်တာရယ် ပေါင်းသွားတယ်ထင်တာဘဲ ။ အဲဒီဖိနပ်ကို လုံခြုံရေး အန်ကယ်က ယူလာပေးတယ် ။ အန်ကယ် သူတို့ ထိထားတဲ့ အဲဒီဖိနပ် ကိုယ်ပြန်မစီးတော့ ဘူး လွှင့် ပစ်လိုက်ပါလို့ ပြန်ပြောလိုက်တယ် ။ ဒေါသတစ်ချက်ကြောင့်  ကလေးတွေလဲ စိတ်ထဲ ဥပါဒန် ၀င်သွားတယ် ။ သူတို့ တော့ ငရဲဘုံရောက်တော့ မယ်ပေါ့ လေ။ကိုယ်လဲ ထမင်းတနပ်ငတ်တယ် ။ ၀ယ်လာတာတွေဆုံးတယ် ။ ဖိနပ်အသစ်ထပ်ဝယ်ရတယ် ။ ဒါ ဟာ ဒေါသလေး တစ်ချက်အတွက်ပေးဆပ်လိုက်ရတာတွေ ။ အဲဒီအချိန်တုန်းကတော့ ငါကွဆိုပြီး မာန်တက်နေတာ ၊ လာမထိနဲ့  မြန်မာကွပေါ့ လေ ။ ဘယ်သူမှလဲ အထင်မကြီးဘဲနဲ့ ။ ခုမှ ပြန်ပြီး ဒေါသလို့  စဉ်းစားမိတာ ။

Comments

Popular posts from this blog

ခံစားခကျြ

တူညီသောခံစားချက်

နာကျင်မှု