၂၀၁၇ စက်တင်ဘာ ၁၅ ၁၆ မှတ်စုတို
စက်တင်ဘာ ၁၅
အကျဉ်းအကြပ်တွေကြားထဲက ကြံ့ကြံ့ခံနိုင်ဘို့ဆိုတာ အင်မတန်ခက်ပြီး အတွေးအခေါ်တွေကိုပြောင်းပြန်ဖြစ်သွားစေနိုင် ယုံကြည်ချက်တွေအခြားတဖက်ကိုပြောင်းသွားစေနိုင်တယ် ။ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း အသက်ရှူမရပ်သွားအောင်လုပ်ရင်း ယုံကြည်ခဲ့တဲ့ သိမ်မွေ့နက်နဲတဲ့ ဘာသာတရားကို သံသယမဖြစ်အောင်ကြိုးစားနေရင်း ယုံကြည်ချက်တွေပါးလျလာတဲ့အဖြစ် ။
စက်တင်ဘာ ၁၆
ဒီနိုင်ငံက မသွားခင် နောက်ဆုံးနေရတဲ့  ရက်ကလေးတွေမှာ ပစ္စည်းတွေသိမ်းရင်းနဲ့  အိမ်ကလေး (သို့ ) ကိုယ့်ရဲ့  နားခိုရာလေးကို အကြာကြီး ကြည့်နေမိတယ် ။ ၃ နှစ်တိတိနေခဲ့တဲ့ ဒီနေရာလေးဟာ ကိုယ်အမြဲသတိရနေမယ့်နေရာလေး ။ ဒီအိမ်လေးနဲ့ ကိုယ်ကရေစက် ။ အလုပ်ကပေးတဲ့ အိမ်မှာမနေချင်လို့အပြင်ထွက်နေမယ်လုပ်တော့ အိမ်တွေလိုက်ကြည့် တယ် တအိမ်တက်ဆင်း ။ ကိုယ်အမြဲစီးတဲ့  ပရိုက်ဗိတ် တက်ကစီဒရိုင်ဘာလေးဆို စိတ်ပျက်ယူရအောင် ကိုယ်က ကြေးထူတယ် ဟိုနေရာလဲမဟုတ်ဒီနေရာဆိုလဲမဟုတ် ။ မနက်ဖြန် အလုပ်က ပေးထားတဲ့ နေရာကထွက်ရတော့မယ် ဒီနေ့ထိကြေးများတုန်း ။ ည ၁၁ နာရီလောက် သူငယ်ချင်းတစ်ယောက်က အခုနေတဲ့ ကွန်ဒိုမှာ အခန်းတစ်ခန်းရှိတယ် ဒေါင့်ခန်း ကြိုက်ရင်လိုက်ပြပေးမယ်ဆိုတာနဲ့ ည ၁၁ နာရီသွားကြည့်  တွေ့ တွေချင်း ချစ်သွားတဲ့  အခန်းလေးပေါ့ ။ နောက်နေ့  စာချုပ်ချုပ်ပြီး ပြောင်းခဲ့ တဲ့ အခန်းလေး ။ ငါ့ဘာသာငါနေလို့ ရပြီလို့ ပျော်ခဲ့ ရတဲ့ အခန်းလေး ။ သောကြာ စနေ အားတဲ့ရက်တွေဆို ရှိတဲ့အိမ်ကျဉ်းကျဉ်းလေးကို ဟိုရွှေ့  ဒီရွှေ့  အနေအထားပြောင်း ကုတင်ဦးတည်ရာတွေပြောင်း မပြောင်းနိုင်တာဆိုလို့ ၂ ခန်းတွဲ အ၀တ်ဘီဒိုဘဲရှိတယ် ကိုယ်မရွှေ့  နိုင်လောက်အောင်လေးလွန်းလို့ ။ ဘုရားစင်လဲ စတိုင်အမျိုးမျိုးပြောင်း တီဗီနေရာတွေ စားပွဲနေရာတွေ ရွှေ့  လုပ်စရာမှမရှိတာကိုး ။ ပျင်းတိုင်းရွှေ့  ၊ အမြဲလိုလို တနင်္ဂနွေ ရုံးတက်ရပြီဆိုရင် တကိုယ်လုံး ကိုင်ရိုက်ထားသလိုနာနေရော ။ ဒီအိမ်လေးကိုပြောင်းခါစက ခင်ရာဆွေမျိုး မောင်ကလေးများက မကြီးက အရှေ့တာလီဘန် အနောက် ပါကစတန် နဲ့ နေတာတဲ့ ။ ပါကီ လို့ ကိုယ်တို့အတိုခေါက်ခေါ်တဲ့ လူတွေ အများကြီးနေတဲ့နေရာပေါ့ ။ ညည ကားဟွန်းအရှည်ကြီးတွေတီးပြီး သီချင်းတွေအော်ဆို မနက်ကျရင်ထရန်ဖြစ်ကြတဲ့  ရပ်ကွက်ကလေး ။ ရုံးနဲ့လဲနီး ၅ မိနစ် ကားမောင်းရင်ရောက်တယ် လမ်းလျောက်မယ်လို့ကြုံးဝါးထားတာ ဒီကိုပြောင်းလာကတည်းက ၂ ခေါက်လားဘဲလျောက်တယ် ကားလမ်းဆုံမီးပွိုင့်ကိုဖြတ်ကူးရမှာကိုကြောက်တာနဲ့ မလျောက်တော့ဘူး ။ ဒီကမီးပွိုင့်လမ်းဆုံက အကျယ်ကြီး ။ ဒီအိမ်ကလေးမှာ ကိုယ်အပေါ်ထပ်က နေ့တိုင်းနီးပါး ငရုတ်ဆုံထောင်းလို့ ညကြီးသန်းခေါင် တစ်ယောက်တည်း အပေါ်ထပ်ကိုတက်ပြီး ရန်စွာဘူးတယ်၊ အပေါ်ထပ်က တရုတ်မတွေ ညကြီး အ၀တ်လျော်တာ ဆူလွန်းလို့  တံခါးသွားခေါက်ပြီး ပြောမယ်လို့ ပြင်ထားတာ တရုတ်မတွေ ငြိမ်သွားပြီး မဆူတော့ လို့ ကိုယ့် ဒေါသကိုယ်သိမ်းပြီး ပြန်လာခဲ့ ဘူးတယ်။ ဒီအိမ်လေးမှာ တစ်ယောက်တည်း နားနားနေနေ အပျင်းကြီးဘူးတယ် ဒီအိမ်လေးမှာ ဘုရားတရားတွေလုပ်ဘူးတယ် ဒီအိမ်လေးမှာ ပန်းပင်တွေ အပင်လေးတွေစိုက်ဘူးတယ် တစ်နှစ်တိတိ ခိုတွေကိုနေ့ တိုင်း ဆန်ကျွေးတယ် နောက်မှအသိတစ်ယောက်က ဆန်ဟာ ခိုတွေကိုသေစေနိုင်တယ် သူတို့ရဲ့ အစာအိမ်ကိုပေါက်ပြီးသေနိုင်တယ်ပြောတာနဲ့ မကျွေးဘဲရပ်လိုက်ရတယ် ။ ဒီအိမ်လေးမှာတစ်ယောက်တည်းဝမ်းနည်းခဲ့ ပျော်ရွှင်ခဲ့  ဘူးတယ်။ ဒီနိုင်ငံနဲ့  ဒီအိမ်လေးက ကိုယ့်အတွက် ခဏနားခိုရာပေမယ့် ကိုယ့်စိတ်နဲ့  ကိုယ့်ကိုယ်နေခဲ့ တဲ့ အတွေ့ အကြုံရှိဘူးတယ်။ ဘယ်သူမှ လိုက်စောင့်မကြည့် နေ ဘယ်သူ့ ကိုမှလဲ သတင်းပို့ စရာမလိုတော့တဲ့ အခန်းလေး ။ ဖေဖေတို့  မေမေတို့ နဲ့  မိသားစုတွေ သူငယ်ချင်းတွေကို ဧည့်ခံနိုင်တဲ့ အခန်းလေး ။ ရောက်စကတော့ အနီးအနားက စူပါမားကတ်တွေကို လမ်းလျောက်သွားဘူးတယ် ။ လမ်းတွေအနှံလျောက်သွားတယ် အိမ်နားတ၀ိုက် လိုက်ကြည့်တယ် ။ နောက်ပိုင်းတော့ ကိုယ်ဟာ ကိုယ့် အခန်းလေးကိုဘဲ မခွဲမခွာချစ်ပြီး သောကြာစနေ ရုံးပိတ်ရက်ဆို အိမ်မှာဘဲအပျင်းကြီးနေတော့တာ ။ အခန်းလေးမှာနေရင်း ကိုယ်အသက်တွေတစ်ရက်ပြီး တစ်ရက်ကြီးလာလိုက်တာ ဟော အခုတော့ ကိုယ်တို့ တွေခွဲရတော့ မယ် ။ မင်းဆီ ဘယ်တော့ မှပြန်မလာတော့မယ် ခဏတည်းခိုသူ ကိုယ့် ကို မင်းမေ့ သွားပါလိမ့် မယ် ။ ဒါမှမဟုတ် ရေမွှေးနံ့  လေသန့် ရှင်းစေတဲ့ အနံ့ တွေနဲ့  အမြဲရှိနေခဲ့တဲ့ အခန်းလေး ခဏ အသက်ရှူချောင်သွားမှာပေါ့ လေ ။ ၂၄ နာရီ လေအေးစက်တွေနဲ့  ချမ်းနေခဲ့မယ့်  အခန်းလေး ခဏတော့  နွေးနွေးလေး နေရမှာပေါ့ ။ တည်းခိုသူ အသစ်တွေရောက်မလာချိန်ထိပေါ့  ။
Comments
Post a Comment