အမှတ်ရစရာ အပိုင်း (၁)
ကိုယ် ၂၀၀၈ မှာ ကာတာနိုင်ငံကို အလုပ်လုပ်ဖို့ထွက်ခဲ့တယ် ။ ပထမဆုံးအမှတ်ရစရာက အလုပ်ခေါ်စာကိုသေချာမဖတ်တာ ။ သယ်စရာရှိတာတွေကို ၇၅ ကီလို ကာဂိုပေးမယ်ဆိုတာကို ချက်ကင်အိတ်မှတ်ပြီးသယ်တာ ။ အဲဒီတုန်းက ကာတာလေကြောင်း ရန်ကုန်ကိုတိုက်ရိုက်မရှိဘူး ။ မြန်မာပြည်တုန်းက သူငယ်ချင်းတစ်ယောက်က ကူသယ်ပေးတာနဲ့ ဘန်ကောက်ထိ ကီလို ၆၀ သယ်သွား ။ ဘန်ကောက်ရောက်တော့မှတွေ့ကြတာဘဲ ။ စာထဲမှာရေးထားတာ ကာဂိုပါတဲ့ ။ ဘန်ကောက်ကာဂိုကိုသွားရမယ်တဲ့ ။ ဘန်ကောက်လေဆိပ်တောင် နှံ့အောင်မရောက်ဘူးတဲ့ကိုယ် ကာဂိုဘယ်နားမှာလဲဆိုတော့ ဒီကနေ နာရီဝက်မောင်းရမယ်တဲ့ ။ ဟမ် သေပြီ ။ လေယာဥ်ကနောက် ၂ နာရီဆိုထွက်မယ် ။ ရိုးရိုးတန်းက ၁ နာရီဆိုကောင်တာပိတ်ပြီ ။ လူကို ထူပူပြီးဘာမှမမြင်တော့ဘူး ။ ကာတာလေကြောင်းက မန်နေဂျာကိုခေါ် အလုပ်ခေါ်စာပြ ။ သူတို့ဘာမှမလုပ်ပေးနိုင်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနက တာဝန်ရှိသူကိုသာခေါ်ဘို့တွင်တွင်ပြောတော့တယ် ။ မတတ်နိုင်ဘူး ပါလာတဲ့ လိုက်ပို့တဲ့ သူငယ်ချင်းကို အထပ်ထပ်တောင်းပန်ရင်း နိုင်ငံခြားကောလ်ခေါ်ရတယ် ။ အဲဒီခေါ်တဲ့အချိန်မှာ ကာတာမှာ ညသန်းခေါင်နီးပါးရှိပြီ ။ တာဝန်ရှိသူက ချက်ချင်းဖုန်းကိုင်တယ် ။ ဘာဖြစ်လဲမေးတယ် ။ ကိုယ် အလုပ်ခေါ်စာကိုသေချာမဖတ်မိကြောင်းတောင်းပန်ပြီးဖြစ်နေတဲ့ပြသနာကိုရှင်းပြတယ် ။ သူလဲတော်တော်စိတ်ညစ်သွားမယ်လို့အခုမှတွေးမိတယ် ။ သူ့ဘက်ကနေချက်ချင်းကာတာလေဆိပ်မန်နေဂျာကိုဖုန်းခေါ်ပေးတယ် ။ နောက်ဆုံး သူ့အထက်လူကြီးခွင့်ပြုချက်နဲ့ ၅၀ ကီလိုသယ်ခွင့်ရခဲ့တယ် ။ ကျန်တဲ့ ၁၀ ကီလိုဘယ်လိုလုပ်မလဲ ။ လူကထူပူနေပြီ ။ လိုက်ပို့သူ သူငယ်ချင်းက စိတ်အေးအေးထားဘို့ မပူဘို့အားပေးတယ် ။
အဲဒီနောက် လေဆိပ်ကောင်တာရှေ့မှာကိုယ့်ခရီးဆောင်အိတ်တွေကိုဖွင့် ၁၀ ကီလိုထုတ် ကီလို ၅၀ ချိန် ။ ချက်ကင်လုပ် ။ ကျန်တဲ့ ၁၀ ကီလို ကိုဘာလုပ်ရမလဲမသိဘူး ။ နောက်ဆုံး (ကိုယ့်ဝက်ဝံအဖြူကြီးအပါအဝင်) ဘာလုပ်ရမယ်မသိဘူး ။ နောက်ဆုံးမနေနိုင်တဲ့ ကောင်တာဝန်ထမ်းက လေယာဥ်မယ် အုပ်စုကို ချဥ်းကပ်ပြီး ၁၀ ကီလိုသယ်ပေးနိုင်မလားလို့မေးပေးရှာတယ် ။ အားလုံးကငြင်းပေမယ် တယောက်သောအနောက်တိုင်းသူကတော့ သူသယ်ပေးမယ်ဆိုပြီး Don’t’ worry, it’s fine ဆိုပြီးပြောလာတယ် ။ သူ့နာမည်အောက်မှာ ကိုယ့် ၁၀ ကီလိုပေါ့ ။ လေယာဥ်မယ်နာမည် မမှတ်မိပေမယ့် အမြဲကျေးဇူးတင်နေရသူပါ ။ အလုပ်ကုမ္ပဏီတူတာလဲပါတာပေါ့ ။ စိတ်မပူနဲ့ ဒိုဟာကကြိုဆိုပါတယ်ဆိုပြီး သူတို့လဲ လုပ်စရာရှိတာဆက်လုပ်ကြတယ် ။ ကိုယ့်ဘဝမှာ တစ်သက်မှတ်သွားတာကနောက်ပိုင်းဘယ်စာကိုဖြစ်ဖြစ် ဂရုတစိုက်ဖတ်ဖြစ်သွားတာပါဘဲ ။ နောက်ပိုင်းမှာ အဲဒီရဲ့ကောင်းကြိုးရလဒ်တွေက ကိုယ့်ကို တော်တော်များများအကျဥ်းအကြပ်ထဲကကယ်ခဲ့ဘူးတယ် ။ သူငယ်ချင်းကိုနှုတ်ဆက် လေယာဥ်အဝင်ပေါက်ကိုအပြေးတပိုင်း ပြေးရတော့တယ် ။ ဘန်ကောက်လေဆိပ် ထဲ အရှေ့ကနေ အနောက်ကိုပြေး အပေါ် ၃ ဆင့်တက် ၁ ဆင့်ပြန်ဆင်းလိုက်ချိန်မှာတော့ ကာတာလေယာဥ်ပေါ်တက်ရမယ့် boarding အခန်းလေးထဲကို ချွေးပြန်စွာနဲ့အောင်မြင်စွာရောက်သွားပါတော့တယ် ။ သူငယ်ချင်းပေးလိုက်တဲ့ Lenovo ဟန်းဆက်သေးသေးလေးကို လက်က ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ၉ နှစ်တာနေခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာမြို့ကို ဘိုးရင်းလေယာဥ်ကြီးစီးပြီး ထွက်လာခဲ့ပါတော့တယ် ။
Comments
Post a Comment