ကာတာနိုင်ငံ ဒိုဟာမြို့ ပထမဆုံးအတွေ့ အကြုံ
ရုံးစတက်ရတဲ့ ပထမနေ့  ။ ဒီရုံးကို ကိုယ်သင်တန်းလာတက်တုန်းကတစ်ခေါက်ရောက်ဘူးတယ် ။ ပညာရှင်တွေစုနေပြီး ကိုယ့် ကိုယ်ကိုယ် သိပ်အထင်ကြီး စိတ်ကြီးဝင်နေတဲ့  ဌာနလဲဖြစ်တယ် ။ လုပ်ငန်းတစ်ခုလုံးရဲ့ အရေးပါတဲ့ သွေးကြောမကြီးလဲဖြစ်တယ် ။ ရောက်ရောက်ခြင်း ကိုယ်ထိုင်ရမယ့် နေရာကိုပြတယ် ။ ခရီးဦးကြိုတာ ဘာညာမရှိဘူး ။ မေးရတယ် ကိုယ်အခုအလုပ်လုပ်ဘို့ လာတာ ။ ဘယ်ရာထူးပေါ့ လေ ။ တညီတညွတ်တည်း လက်ညှိုးညွန်တယ် ၊ ပြန်တောင်မဖြေဘူး ။ တော်တော်ကို ရင်းနှီးမှု ကင်းတယ်လို့ ခံစားရတယ် ။ စိတ်ထဲလဲတော်တော်မကောင်းလှဘူး ။ အဲဒါနဲ့ ပဲ သူတို့ လက်ညှိုးညွှန်ရာ ကိုယ် သတင်းပို့ ရမယ့် သူဆီရောက်လာတယ် ။ ငယ်ငယ်ချောချော ရုရှားမလေး။ (သူလဲလူမုန်းများသူ ။ နောက်ပိုင်းတော့ ကိုယ့် ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်လာတယ် ၊ အခါတစ်သောင်းမက အထစ်အငေါ့ တွေဖြစ်အပြီးမှာ )
ပြုံးပြမယ်ထင်လား ။ ကိုယ်က လင်း ပါ ။ ဒီကို ဒီရာထူးနဲ့ ဒီနေ့ မှစ၀င်ပါတယ်ဆိုတော့  ကိုယ်က လာနာ ။ ဒါမင်းထိုင်ရမယ့် ခုံ ။ ဒါဘဲ ။ ပြီးတော့ သူ့ အလုပ်သူဆက်လုပ်နေတာ။ မအံ့ သြဘူးလား ၊ မြန်မာပြည်မှာဆို လာနှုတ်ဆက်မယ် အားပေးမယ် တယောက်တခွန်း မေးမယ် ဟုတ်တယ်ဟုတ် ၊ နိုး ပါ ၊ ဘယ်သူ့ ဘယ်သူမှ မကြည့် ကြ ၊ ကိုယ့် အလုပ်ကိုယ်ဆက်လုပ်နေတယ် ။ ကိုယ့် မှာ ထိုင်ဘဲ ထိုင်ရမလို ဘာလုပ်ရမလဲ ၊ဦးနှောက်က အပြေးအလွှားစဉ်းစားတယ် ။ ကဲ သူကထိုင်ဆိုထိုင်နေမယ် ဟယ် ၊ ရွဲ့ တဲ့ စိတ်ကဖြစ်လာတယ် ၊ ၁၅ မိနစ်လောက်ထိုင်နေပြီးတော့  လာနာ ကလှမ်းမေးတယ် ၊ မင်းဘဲလုပ်နေသလဲ တဲ့  ၊ နင်ကထိုင်ဆိုတော့ ငါထိုင်နေတယ် ဆိုတော့  အင်မတန်ထူးဆန်းတဲ့ အကြည့် နဲ့ ကြည့် တယ် ။ ပြီးတော့  မှ နင့်စားပွဲပေါ်က စာရွက်တွေဖတ်ပြီးပြီလားတဲ့  ။ ဟင့် အင်းပေါ့  ကြည့် လို့ မှမပြောတာ မထိရဲဘူးလေ ( မြန်မာပြည်ကလာမှန်းသိပ်သိသာတာ လူကြီးကမပြောရင် လှုပ်ကို မလှုပ်ရဲတာ ၊ ထိလဲမထိရဲဘူး ၊ ပုံစံခွက်ထဲနေသားကျနေတာ )
နင့်စားပွဲပေါ်တင်ထားတာ နင့် အတွက်မဟုတ်လို့ ဘယ်သူ့ အတွက်လို့ ထင်သလဲ ဖတ်ကြည့် ပါ ဆိုတော့ ဖတ်ပြီလေ ၊ ၀န်ထမ်းအသစ်အတွက် ဆောင်ရန် ရှောင်ရန် လုပ်ဆောင်ရန်တွေ ) ။ ဖတ်တယ်လေ သေချာကိုဖတ်တာ တလုံးမှနားမလည်ဘူး ၊ အခေါ်အဝေါ်တွေမှမတူတာကိုး ၊ နိုင်ငံခြားသွားမယ့် သူတွေ အဲဒါလေးတွအရင်လေ့ လာထားစေချင်တယ် ၊ မြန်မာပြည်က ဘယ်နိုင်ငံနဲ့ မှမတူတဲ့ အခေါ်အဝေါ်တွေနဲ့  နောက်ကျနေတာ ၊ အဲဒါနဲ့  စာရွက်ကလေးပြန်ချ ၊ ဘာလုပ်ရမယ်မသိသေး ၊ လာနာ နောက်တစ်ခေါက်ပြန်လှည့် ကြည့် တယ် ။ သူက ကိုယ့် ထိုင်ခုံ ရဲ့အရှေ့  ၄၅ ဒီဂရီလောက်မှာထိုင်တယ် ။ လေယာဉ်ကစီးလာ လူကမူး ဘာမှမစားရသေး အလုပ်တန်းဝင် ဘယ်သူမှမကြိုဆို ၊ လူကအဲအချိန်မှာ အငွေ့ ပျံပြီးပျောက်သွားချင်တယ် ။ သူလှည့် ကြည့် တော့ ကိုယ်က ငူငူကြီးထိုင်နေတုန်း ၊ စိတ်မရှည်တော့ ဘူးဆိုတဲ့ ပုံစံနဲ့  ကွန်ပြူတာဖွင့် လေတဲ့ ၊ ဟင် ငါမှမဖွင့် တတ်တာ ဘယ်ကဘယ်လိုလုပ်ရမလဲဆိုတော့  ထလာပြီး နင် ရန်ကုန်ရုံးမှာလုပ်ခဲ့ တာမဟုတ်ဘူးလား ဒါတောင်မသိဘူးလားဆိုလို့ ငါတို့ ရန်ကုန်က ကွန်ပြူတာက ဒီလိုမှမဟုတ်တာ ငါ့ မှာ ပါစ့် ဝါဒ်မရှိဘူး ။
စိတ်ပျက်လက်ပျက်ဟန်နဲ့  နင့်စာရွက်ထဲမှာပါတယ်လေ စစချင်းဆို xxxxx နဲ့ ဝင် ပြီးရင်နင်ကြိုက်တဲ့  ကုဒ်ကိုပြောင်း ၊ ပြီးရင် အီးမေးလ်အတွက် xxxxxxxxx ဒီနံပါတ်ကိုဆက် ၊ သူပြောနေတာတွေကိုယ်မကြားရတော့ ဘူး ၊ ငိုချင်နေတာဘဲသိတယ် ၊ ကိုယ့် မျက်နှာကိုကြည့် ပြီး သူစိတ်ပြောင်းသွားတယ် ၊ ငါဘဲလုပ်ပေးမယ် ဖယ်ဖယ်ဆိုပြီး ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့ လုပ်သွားလိုက်တာ လျင်မြန်သွက်လက်လို့  ၊ အိုင်တီကို ဖုန်းဆက် ဒါလိုတယ် ဒါသူ့ ဝန်ထမ်းနံပါတ် ဘလာ ဘလာ ဘလာ နဲ့ လုပ်သွားတာ ၁၅ မိနစ်အတွင်း အကုန်ပြီးသွားရော ။ ကိုယ့် ကိုယ်ကို စိတ်ပျက်တဲ့ စိတ် သူ့ ကိုအထင်ကြီးစိတ်တွေဖြစ်လာတာ။ (အငုံ့ စိတ်) ၊ ငါ သူ့ လိုလုပ်နိုင်ပါ့ မလား ၊ ဘာဆိုဘာမှမဆိုင်တဲ့ စံနစ်တစ်ခုထဲကို ငါပြောင်းလာရပြီ ။ ငါလုပ်နိုင်ပါ့ မလား ဆိုပြီး သံသယစိတ်တွေပေါ်လာတယ် ။ လာနာကတော့ သူ့ တာဝန်ပြီးပြီဆိုပြီး ပြန်သွားထိုင်အလုပ်ဆက်လုပ်နေတယ် ။
ဒီအလုပ်မှာ စကားစမြည်ပြောတာတို့  ဘာတို့ မရှိဘူး ။ ဒါကလဲ သူ့ အကြောင်းနဲ့ သူ နောက်ပိုင်းမှာ သိလာရတာ ။ သူတို့ က အလုပ်မှာ စကားမပြောကြဘူး ။ ဘယ်လောက်ခင်ခင် ၊ ဖာသိဖာသာဘဲ ။ lunch ချိန်မပေးဘူး ။ ဆာရင် ကော်ဖီတို့ ရေတို့ ထားတဲ့  pantry ဆိုတဲ့ အခန်းထဲသွား ။ အခန်းကလဲ လူ ၃ယောက်ဆိုပြည့် နေပြီ ထိုင်စရာမရှိဘူး ။ နောက်ပိုင်း pantry အကြီးကြီးမှာစားရတယ် ဒါပေမယ့်  ၀န်ထမ်းတွေ အလုပ်မလုပ်ဘဲ စုစား စုစကားပြောနေတယ်ဆိုပြီး မန်နေ့ ဂ်ျမန့် ပိုင်းက အဲဒီအခန်းကိုပိတ်လိုက်တော့ ဒုံရင်း ဒုံရင်း အခန်းငယ်လေးထဲပြန်ရောက်သွားတယ် ၊ အဲဒီမှာ ပါလာတဲ့ ဆန်းဒ၀စ်ခ်ျတို့ မုန့် တို့ စားရတယ် ။ ပြီးရင်မြန်မြန်ပြန်ထွက် ၊
တစ်ခုသတိထားမိတာက သူ့ ဂရုလေးနဲ့ သူစားကြတယ် ။ တစ်ခြားသူလာရင်သူတို့ က ပါးစပ်ပိတ်ထားကြတယ် ဘာမှမပြောဘူး ။ အသစ်ဝင်လာသူက အူကြောင်ကြောင်ဖြစ်ပြီး တိတ်ဆိတ်နေတဲ့ လူအများတွေအကြားမြန်မြန်စားပြန်ထွက်ရတာဘဲ ။
ညနေ ၃ နာရီခွဲမှာတော့ လာနာက နင်ပြန်တော့ တဲ့ ၊ ငါမပြန်တတ်ဘူးဆိုတော့  ဟင် နင်ဘယ်မှာနေတာတုန်းတဲ့  ၊ ငါမသိဘူး ၊ရုံးက ဒရိုင်ဘာလာကြို ပြီးတော့ ရုံးတန်းတက်ရတာဆိုတော့  နင့် အလုပ်ခေါ်စာပြစမ်းတဲ့ ၊ အဲဒီစာထဲမှာလဲမပါဘူး ။ ဟိုတယ်နာမည်ဘဲရေးထားတာ။ ဖြစ်ချင်တော့ ပုံမှန် ၀န်ထမ်းအသစ်ဆို သူတို့ က ဟိုတယ်မှာ ၂ ပါတ်ထား ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး စုံမှ နေရမယ့်  ၀န်ထမ်းအိမ်ယာကိုပို့ တာ ၊ ကိုယ်က လူနည်းစုကြုံရသလို နေရမယ့် နေရာတိုက်ရိုက်ေ၇ာက်သွားတယ် ။ ဘယ်ဟိုတယ်မှမနေလိုက်ရဘူး ။
ဒါနဲ့ လာနာက နေအုန်း ငါမေးပေးမယ်ဆိုပြီး ဖုန်းဆက်တယ်၊ ပြီးတော့ နင်နေတာ ရှိတ်အဗဒူလာမှာတဲ့  ဟမ် ဘယ်မှာ ကိုယ်မှမကြားဘူးတာ၊ အင်မတန်စိတ်ရှည်ရှည်ထားရတဲ့ ပုံနဲ့  ဂျစ်ဂျစ်ဆို စာရွက်ကလေးမှာကောက်ရေးတယ် ၊ ရော့ နင့် လိပ်စာတဲ့  ၊ ငါဘယ်လိုပြန်ရမလဲဆိုတော့  ကားအစိမ်းရောင်တွေရှိတယ် ကာရ၀ါလို့ ခေါ်တယ် ၊ အဲဒါစီး ၁၀ ကာတာရီရယ်ပေးရမယ်၊ နင့် မှာ အသေးသုံးထုတ်ပေးထားတာရှိတယ်မို့ လား ၊ နင့် ဖုန်းနံပါတ်ငါ့ ပေး ၊ ငါနင်အိမ်ရောက်မရောက်ဆက်မယ် ၊ မရှိဘူး ငါဖုန်းမ၀ယ်ရသေးဘူး ။ ဘယ်လိုဝယ်ရမှန်းမသိသေးဘူး ။
လာနာ့ကိုကြည့် ရတာ အထူးအဆန်းလူတစ်ယောက်ကို သူစကားပြောနေရသလို ၊ နောက်တော့  လင်း နင်ဒိုဟာမှာနေရင် ဖုန်းလိုတယ် နေရာတကာဖုန်းနဲ့ ဆက်သွယ်တယ် ။ နင် ဒီနေ့ ဖုန်းသွားဝယ်တဲ့  ။ စီးတီး စင်တာမှာ q-tel ရုံးခန်းရှိတယ် ။ ကာရ၀ါငှားသွား ၊ နင်မသိရင် ဘွတ်ကင်လုပ်တဲ့ ။
နောက်ပြီး နင့် ရဲ့ ဝန်ထမ်းနံပါတ် အဲဒီနံပါတ်က အရေးအကြီးဆုံး နင်အမြဲမှတ်မိနေရမယ် ဘယ်သူမှနင့် နာမည်ကိုမသိဘူး ။ ဆက်သွယ်စရာရှိရင် နင့်ဝန်ထမ်းနံပါတ်ကိုပြောပါ ။ ဒီမှာ ဘယ်သူမှနာမည်မမှတ်မိဘူးတဲ့ ။ အဲဒီတုန်းကတော်တော်စိတ်တိုတာ ၊ လူကို နာမည်မခေါ်ဘဲ ဘယ့်နှယ် ၀န်ထမ်းနံပါတ်က အရေးကြီးရသလဲပေါ့ လေ ။ ဒီမှာက ကွန်ရက်ကို အဲဒီ ၀န်ထမ်းအမှတ်နဲ့ ချိတ်ထားတာ ။ ဒါကြောင့် ဝန်ထမ်းကဒ်ပျောက်ရင် ချက်ခြင်းအကြောင်းကြားရတယ် ။ ရဲထောက်ခံစာလိုတယ် ။ အားလုံးက အဲဒီနံပါတ်နဲ့ ဘဲအလုပ်လုပ်ကြတာ။ နာမည်သိစရာမလို ၊ သိချင်ရင် စစ်စတမ်ခေါက်လိုက် ၊ အဲဒီနံပါအောက်မှာ ရာဇ၀င် အစအဆုံးရှိတယ် ။ ကိုယ့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်ရင် အဲဒီလိုလေးလုပ်မယ် လို့ စဉ်းစားမိတယ်။
ပထမထပ်ကနေ အောက်ထပ်ကိုသာလျောက်လာတာ ကာရ၀ါဆိုတဲ့ စိမ်းစိမ်းကြီးကို ဘယ်နေရာမှာတားရမယ်မသိဘူး ။ ဒါနဲ့ အပြင်ထွက်လာတော့  တက်ကစီလို့ ရေးထားတဲ့ ကားတွေတွေ့ တယ် ၊ ဒါဘဲဖြစ်မယ်ဆိုပြီး ခုနက လာနာေ၇းပေးထားတဲ့ စာရွက်ကလေး ပြ ။ ဒရိုင်ဘာက အိုကေဆိုတော့ ပျော်သွားပြီး နေရာသူသိတယ် ပေါ့ ၊ နောက်မှာသိရတာ ဒရိုင်ဘာတိုင်း အိုကေပြော နောက်မှ ကိုယ်ကလမ်းကြောင်းပြောရတာ ၊ ရှိတ်အဗဒူလာကို ကားသမားနီးပါးတိုင်းသိတယ် ၊ ကံဆိုးစွာ ကိုယ်တက်စီးတဲ့ ဒရိုင်ဘာကမသိတာ သူလဲအသစ်။
အရင်ကရေးဘူးသလို တက်ကစီနဲ့ ကိုယ့်အဖြစ် ဖြစ်ပြီးသကာလ ကိုယ်နေတဲ့ အဆောင်ကို အောင်အောင်မြင်မြင်ပြန်ရောက်ခဲ့ တယ် ။ နောက်နေ့ မှာ ဘယ်လိုစခန်းဆက်ရမလဲဆိုတာ တွေးရင်း တစ်ယောက်တည်းနေတဲ့  ၂ ခန်းတွဲအခန်းမှာ ကြောက်ရင်း ကျမရဲ့  ၀က်ဝံဖြူကြီးကိုခေါင်းအုံးလို့ တမနက်လင်းခဲ့ တယ် ။
Comments
Post a Comment