အပင်လေးများနဲ့ ဝင်ကစွပ်ကောင်

ဒီနိုင်ငံကိုရောက်လာတုန်းက တယောက်တည်း Company ကပေးတဲ့  2 bedrooms apartment မှာနေရတယ် ၊ အခန်းဖော် Indonesian ၂ ယောက်မလာခင်ထိပေါ့ ။ ဒီက တစ်ယောက်ခန်း ၊ ၂ ယောက်ခန်း ၊ ၃ ယောက်ခန်း စသည်ဖြင့် Condominium တွေမှာ apartment (flat) တွေမှာနေကြတာများတယ် ။ ချမ်းသာသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေက Villa ဆိုတဲ့ လုံးချင်းအိမ်တွေနဲ့နေတယ် ။ အဲဒီ Villa  တွေကိုဘဲ အခန်းတွေကန့်ပြီး အိမ်ငှားကြသေးတယ် ။ ငှားခတော့အတူတူလောက်ပါဘဲ ။ 

ရောက်စတုန်းကတော့ ရန်ကုန်က အမတွေလို ခင်ရတဲ့သူတွေက အလုပ်တူတူဘဲဆိုတော့ သိပ်အထီးကျန်ဝေဒနာကိုမခံစားရဘူး ။ ခံစားနေချိန်လဲမရှိဘူး လေ ။ ယဥ်ကျေးမှုကွာဟချက်တွေရယ် ၊  working system တွေနဲ့ အထာကျနေတဲ့ လုပ်ငန်းခွင်ကို မျက်စိသူငယ် နားသူငယ်နဲ့ အမှီလိုက်နေရတာ ။ ဒါပေမယ့်ချစ်ခင်ရသူများတစ်ယောက်ပြီးတစ်ယောက်မြန်မာပြည်ကိုပြန်သွားချိန်မှာ ကိုယ်တစ်ယောက်တည်းအဖော်မဲ့လာတယ် ။ ဒါနဲ့ဘဲ ကိုယ့်ရဲ့စိတ်တွေ အပင်လေးတွေဘက်လှည့်သွားတော့တယ် ။ 

ကိုယ့်ရဲ့ပထမဆုံးအပင်လေးက ရှားစောင်းအပင်ပုလေး ။ အပင်လေးက ကြာကြာမနေရဘူး သေသွားတယ် ၊ ရေအလောင်းလွန်ပြီးတော့ ။ အဲဒီနောက်ပိုင်းသစ်ခွပင်လေးတွေ တပင်ပြီးတပင်ဝယ်တယ် ။ သေတယ် ။ ရောင်းတဲ့သူက မဝယ်ပါနဲ့တော့ ၊ သေမှာ ၊ အဲဒါတွေက  ၁ လလောက်ဘဲခံတယ် ။ နင့်ကိုအားနာတယ် ။ ငါကရောင်းသူ နင်ကတကယ်စိုက်သူဆိုတော့ အမှန်အတိုင်းပြောတာတဲ့ ။ အရင်က စူပါမားကတ်တွေမှာ အပင်တန်းကမခွာဘူး ။ တပင်မဟုတ် တပင်ဝယ်တာ။ နောက်ပိုင်း Product Development  Department မှာလုပ်ရတော့ Lady Boss က Chinese Australian ။ သူကတကယ်ကိုအပင်စိုက်တာကိုး ။ သူ့ရုံးခန်းမှာ သူ့အိမ်မှာ နဲနဲနောနော ပန်းပင်တွေမဟုတ်ဘူး ။  သူ့ရုံးခန်းက တကယ့်ကိုစိမ်းလန်းနေသလို သူနေတဲ့ villa မှာလဲစိမ်းစိုနေတာ ။ အဲဒီအပင်တွေအကုန် ကိုယ်နဲ့ သွားဝယ်တယ် ။

ဒီမှာအပင်တွေလက်ကားရောင်းတဲ့စျေးရှိတယ် ။ သူအပင်ကိုကြည့်ပုံဝယ်ပုံတွေကို ကိုယ်သိပ်သဘောကျတာ ။ နောက်ပိုင်းအတုယူမိတယ် ။ ဘယ်လောက်တောင်လဲဆို သူ့အိမ်ကအပင်တွေ သူခရီးထွက်တိုင်းသွားကြည့်ပေးရတယ် ။ ရေလောင်းပေးသူကို ဘယ်အပင်က ဘယ်လောက်လောင်းဆိုပြီး Lady Boss  ပြောတဲ့အတိုင်း ညွှန်ကြားရတယ် ။ သူပြောင်းသွားတော့ ကိုယ့်နောက်ဘော့စ်အသစ်က အပင်ဟူသမျှလုံးဝမကြိုက်သူ ။ ဘယ်အပင် ဘယ်ပန်းပင်မှ သူ့ရှေ့မှာရှိနေတာမကြိုက်ဘူး ။ အဲတော့ အရင် Lady Boss ကျန်ခဲ့သမျှရုံးခန်းကအပင်တွေ ကိုယ်ရလိုက်တယ် ။ မရှိဘူးဆိုရင် အပင် ၂၀ လောက်ကိုရှီမယ် ။ သူက ပန်အိုးဆိုလဲ အကောင်းစားရှယ်ဝယ်တာ ။ တစ်အိုးကို အဲဒီတုန်းကတောင် မြန်မာငွေ တစ်သိန်းလောက်တန်တဲ့အိုးတွေ ။ အိုးတွေလဲမ ၊ ပန်းပင်တွေလဲ မ၊ ကိုယ့်အိမ်ရွှေ့လာတယ် ။ တပင် ပြီးတပင်သေသွားလိုက်ကြတာ ။ နောက်ဆုံး သစ်ခွတပင်ဘဲရှင်တယ် ။ စဥ်းစားကြည့် ကိုယ်နဲ့အပင်တွေနဲ့ ဘယ်လောက်သဟဇာတ ဖြစ်ကြသလဲဆိုတာ ။ ရေများလောင်းမိတဲ့အပင်နဲ့ ၊ ရေမလောင်းမိတာနဲ့ ။ အပင်တွေကို ကျကျနန ညှင်းသတ်နေသလိုဘဲ ။ 

နောက် အလုပ်ကသူငယ်ချင်းတယောက်အလုပ်ထွက်တော့ သူ့အပင် (၄) ပင်ပေးခဲ့တယ် ။ သေချာဂရုစိုက်ဘို့အထပ်ထပ်မှာတယ် ။ သူလဲ လူမှားယုံခဲ့တာ ၊ သူ့အပင်လေးတွေ တပင်ပြီးတပင်သေပြန်တယ် ။ သစ်ခွက ၂ ပင် ။ နောက်ဆုံးကျန်တဲ့အပင်က မြန်မာပြည်မှာတော့ ဒေါင်းဂမုန်းခေါ်မလားဘဲ ။ အဲအပင်ဘဲ အညွှန့်လေး ဝါရော်ရော်နဲ့သေတော့မယ် ။ ကဲ မဖြစ်ချေဘူး ။ ဒီအပင်မှမရှင်ရင် ရာဇဝင်ရိုင်းတော့မယ်ဆိုပြီး ပန်းအိုးကိုအသစ်ဝယ် မြေသြဇာနဲ့ မြေဆွေးအသစ်ဝယ် (ဒီမှာက မြေကြီးရှားတယ်လေ) ။ အကုန်အသစ်လဲပစ်လိုက်တယ် ။ ရင်တထိတ်ထိတ်နဲ့ အဲဒီအပင်ပိစိကလေးရှင်ပါ့မလား ရှင်ပါ့မလားနဲ့ပေါ့ ။ အပင်လေးကအသက်ပြင်းတယ် ။ အတင်းကိုအားတင်းရှင်လာလိုက်တာ အခုဆိုရင်အပင်ကလူတစ်ရပ်မြင့်လာပြီ။ 

သူတို့ကိုအိမ်ထဲမှာ အလင်းရောင်ရတဲ့နေရာမှာသေချာ အချိန်နဲ့နေအလင်းရောင်ပေးတယ် ။ အဲဒီနောက် အလုပ်ထဲကတစ်ယောက်က ဇော်စိမ်းကိုခွေထားတဲ့ Lucky Bamboo အပင်ကိုလက်ဆောင်ပေးတယ် ။ သူတို့အယူအရ အဲဒီအပင်က ဝယ်တာထက် လက်ဆောင်ပေးတာပိုကောင်းတယ်ဆိုလား ။ ၃ ပင်မှာ တပင်ဘဲရှင်တယ် ။ နောက်တပင်ကိုတော့ လက်ဆောင်ရတဲ့အချိန်နဲ့တပြိုင်တည်းဝယ်တာ။ မြန်မာပြည်မှာဆိုရင် ကျောက်စိမ်းဧကရစ်လို့ခေါ်တယ် ။ သူကတော့ ကိုယ်နဲ့နေရတာပျော်တယ်ထင်တယ် ။ ရောက်ကတည်းက တစ်ကိုင်းပြီးတစ်ကိုင်းထွက်လာလိုက်တာ အပင်အုံကြီးဖြစ်လို့ ။ အခုတော့ သူတို့နဲ့ခွဲရတော့မယ် ။ ကြည့်နေရင်သံယောဇဥ်ဖြစ်နေတာနဲ့  အခုတော့အခန်းအပြင်ဘက်ထုတ်ထားတယ် ။ ရာသီဥတုကအရမ်းပူတော့ သူတို့လဲကိုယ့်အိမ်ထဲနေတုန်းကလိုပြောင်လက်စိမ်းညိုမနေတော့ဘူး ။ ကျောက်စိမ်းဧကရာဇ်လဲ စိမ်းမြမနေတော့ဘဲ ရော်ရွက်ဝါတွေနဲ့ ။ တွေးမိတာလေးက ဘာနဲ့ဘဲဖြစ်ဖြစ် တူတူနေရင် သံယောဇဥ်‌ဖြစ်တာပါဘဲ ။  သက်မဲ့အပင်ကလေးတွေပေမယ့် ကိုယ်ပျော်ရင်သူတို့သိသလို ကိုယ်စိတ်ဆင်းရဲရင်လဲ သူတို့သိတယ် ။ ကိုယ့်ရဲ့မပျော်ရွှင်မှုတွေကို သူတို့ကိုမမြင်စေချင်တာနဲ့အပြင်ထုတ်ထားလိုက်တယ် ။ သူတို့ကို ဂရုစိုက်မယ့်သူပေါ်ပါစေလို့ဆုတောင်းမိတယ် ။ 

ကိုယ့်သူငယ်ချင်း ကိုယ့်ကို သူ့ပန်းပင်တွေပေးတုန်းကအထပ်ထပ်မှာတာကို ကိုယ်အခုကိုယ်ချင်းစာမိတယ် ။ သူလဲ သူ့ပန်းပင်လေးတွေကို သံယောဇဥ်တအားကြီးခဲ့မှာ ။ ကိုယ့်အိမ်မဟုတ်တဲ့ ကိုယ့်တိုင်း ပြည်မဟုတ်တဲ့ ရေမြေခြားမှာ သံယောဇဥ်ဆိုတာ အတတ်နိုင်ဆုံး ခပ်ဝေးဝေးနေမှ ။ ဘယ်လောက်နှစ်တွေ ကြာကြာနေနေ ကိုယ့်တို့က ဝင်ကစွပ်တွေလေ ။ ကိုယ်ပိုင်အခွံမရှိဘဲ သူများနိုင်ငံမှာ အငှားနေကြသူတွေပေါ့ ။ တွေးမိတာလေးတွေ ................

Comments

Popular posts from this blog

ခံစားချက်

တူညီသောခံစားချက်

နာကျင်မှု