အမှတ်ရစရာ အပိုင်း(၂)
ကိုယ်က ကာတာကို ၂၀၀၆ လောက်မှာသင်တန်း ၁ ရက်သွားတက်ရတယ် ။ နောက် သူငယ်ချင်းတင်အေးဝင်း Cynthia ဆီကိုလဲ အလည်သွားဘူးတော့ အရမ်းကြီးစိမ်းမနေခဲ့ဘူး ။ နောက်ပိုင်းမှ စင်သီယာဆီအလည်သွားရင်းမြန်မာပြည်အပြန်မှာ သူငယ်ချင်းတစ်ယောက်ကောက်ရတာကိုရေးအုန်းမယ် ။ ကိုယ့်ဘဝရဲ့ အခန်းတချို့မှာသူပါဝင်ခဲ့တယ် ။ လေယာဥ်ပေါ်ကဆင်းပြီးချိန်မှာ ဒုတိယမိ စာသေချာမဖတ်ခြင်းရဲ့အကျိုးကိုခံရပါတော့တယ် ။ လာကြိုသူက လာကြိုတဲ့ကားရပ်နေရာမှာ ။ ကိုယ်ကစာမဖတ်ထားတော့ တမော့မော့နဲ့ ဆိုက်ရောက်ဟောလ်မှာစောင့်နေတာ ။ ဖုန်းဆက်စရာကလဲမရှိ ဘယ်လိုဆက်ရမလဲမသိ အရမ်းကိုငိုချင်နေချိန် ။ နောက်ဆုံးမတော့ (ကိုယ်တို့နောက်ပြောင်ခေါ်နေတဲ့ ကုလားလေးတွေ ၊ ဒီနိုင်ငံမှာက အိန္ဒိယကုလား ၊ ပါကစ္စတန်ကုလား ၊ ဘာကုလား ညာကလား သိပ်ပေါ ) အနီးက ကုလားတစ်ယောက်ကိုသွားပြုံးပြပြီး ရုံးကိုဖုန်းဆက်ရပါတော့တယ် ၊ အင်မတန်အထင်ကြီးစရာပါ ။ တာဝန်ရှိသူရုံးဝန်ထမ်းက တစ်ခွန်းမှအပြစ်မဆိုဘဲ ဆလွန်းကားတစ်စီးချက်ခြင်းလွှတ်ပေးပါတယ် ။ ရောက်တဲ့နေရာမှာနေ ဘယ်မှမသွားနဲ့ဆိုပြီး ၊ နောက်တော့ ဆလွန်းကား ဒရိုင်ဘာရောက်လာပြီး လာခေါ်ပါတယ် ၊ စကတည်းကယဥ်သကိုဆိုသလို ကိုယ်ကလာကြိုတဲ့ ဘတ်စ်နဲ့ မသွားရဘဲ ဆလွန်းကားနဲ့ သီးသန့်ကြိုခံရသူပါ ၊
အဲဒီအချိန်သူငယ်ချင်းစင်သီယာကလည်းလာခေါ်ပါတယ် ၊ ကိုယ်ဖုန်းပတ်ပြီးဆက်ထားတာကိုး ၊ ကားကကိုယ်နေရမယ့် ရှိတ်အဗဒူလာဆိုတဲ့ ဝန်ထမ်းတွေနေတဲ့ အဆောက်အဦကိုခေါ်သွားပြီး မနက် ၈ နာရီမှာလဘပြန်ကြိုမယ် ငါဘဲလာမှာ ဒီမှာစောင့်နေဆိုပြီး မအူမလည် မြန်မာမကို စိတ်မချစွာအထပ်ထပ်မှာပြီးထွက်သွားပါတော့တယ် ၊ လုံခြုံရေးအစောင့်က ကိုယ်နေရမယ့်အခန်းကိုလိုက်ပြ သော့ဖွင့်ရှင်းပြပြီးချိန်မှာတော့ ကိုယ့်အခန်းတံခါးကို ချက်ကနဲနေအောင်ပိတ်ပြီးပြန်သွားပါတော့တယ် ။
အိပ်ခန်းကိုကြည့်မီးတွေလျောက်ဖွင့် အဲကွန်းကိုဖွင့်ကြည့် ပြီးတော့မီးဖိုဆောင်ကိုဝင်ကြည့် ၊ အဝတ်လျှော်စက်ရှေ့ဖွင့်ကို ဘာမှန်းမသိသေး ၊ မီးဖို အာဗင်ကိုဘယ်လိုဖွင့်ရမယ်မသိ ၊ ဒီမှာအကုန်ဝယ်လို့ရတယ် ဘာမှယူလာစရာမလိုဘူးဆိုတာကို ယုံကြည်ပြီးဘာကိုမှကို သယ်မလာသူကိုယ် ၊ အိပ်စရာခေါင်းအုံးမရှိ အဲဒီအချိန်ကခံစားချက်ကို အခုပြန်ခံစားနေရသလိုဘဲ ၊ ကဲ နောင်ခါလာ နောက်ခါစျေး အခုတော့ရေချိုးပြီး ရုံးသွားဘို့ပြင်မယ်ဆိုပြီး ရေမြန်မြန်ချိုး ရုံးသွားဘို့ပြင်ရပါတော့တယ် ။ ကိုယ်က ကိုယ့်မွေးနေ့မှာ ကာတာကိုထွက်လာ (စနေနေ့ကြီး) တာဆိုတော့ 20 ရက်နေ့ တနဂႅနွေနေ့ကဒီမှာရုံးဖွင့်ရက် ၊ အဲတော့ရုံးကိုသွားရမယ်လေ ၊ မနက် ၈ နာရီတိတိမှာ ကားလာခေါ် ရုံးကိုသွား စာရွက်စာတမ်းတွေ လိုအပ်တာတွေ လိုအပ်တာတွေဖြည့်ပြီးချိန်မှာ နေ့လည် ၁၂ နာရီ ။ ဘာမှမစားရသေး ။ အသေးသုံးအတွက် ကာတာရီရယ် ၁၇၅ ကိုလက်ခံပြီးချိန်မှာ ကဲ နင်ရုံးကိုသွားတော့ဆိုပြီး Tower 1 ရဲ့ ပထမထပ်ကိုပို့လိုက်ပါတော့တယ် ။ လေယာဥ် ၂ ဆင့်စီး မနက်ရောက်လာတဲ့ဝန်ထမ်းကို ချက်ခြင်းအလုပ်ဝင်ခိုင်းခဲ့တာကို ဘာမှမပြောနိုင်ဘဲ အူကြောင်ကြောင်နဲ့ ကိုယ့်ရဲ့ ဒိုဟာကပထမဆုံးအလုပ်ကိုချီတက်ခဲ့ပါတော့တယ် ။ နောက်ပိုင်းမှာတော့ ဝန်ထမ်းအသစ်တွေကို ၁ ရက် ဒါမှာမဟုတ် ညနေပိုင်းရုံးမတက်စေဘဲ နားခွင့်ပေးတဲ့စံနစ်ကိုပြောင်းပေးခဲ့တယ် ။
ညနေရုံးပြန်ချိန်မှာတော့ ပြဿနာစပါတော့တယ် ။ (ရုံးပထမဆုံးအတွေ့အကြုံကိုတနောက်များမှာ သတိရရင်ရေးပါမယ် ) ကိုယ်နေတဲ့အဆောင်ကိုမပြန်တတ်တော့ပါဘူး ။ နာမည်လဲမသိပါဘူး ။ ရုံးက ကာရဝါဆိုတဲ့တက္ကစီပေါ်တင်ပေးလိုက်ပါတယ် ။ လူလည်မ ကိုယ်ကဘယ်လိုသွားရမယ်မသိ ။ တက္ကစီသမားနဲ့ပြဿနာတက်ပါတော့တယ် ။ ဒါနဲ့ဘဲ ကိုယ်ပိုင်ဖုန်းမရှိသေးသူ ကိုယ်က တက္ကစီသမားကို သူ့ဖုန်းနဲ့သူငယ်ချင်း စင်သီယာကို ခေါ် ငါမပြန်တတ်ဘူး လုပ်ပါအုန်း ငါပြောတာလဲ တက္ကစီသမားကနားမလည်ဘူး ။ စင်သီယာကောင်းမှုနဲ့ (ဘာသာစကားနားထောင်မှုစွမ်းရည်မပြည့်ခင်အချိန်များ) နောက်ဆုံးမတော့ အထင်ကရလမ်းညွှန် နာ့ဂျ်မားရပ်ကွက်က စာတိုက်ကြီးရှေ့ ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ် ။ တက္ကစီဆရာရဲ့ပွစိဆူညံဆရာလုပ်သံကို နာခံရင်း စာတိုက်ကြီးရှေ့မှာ ကားပေါ်ကဆင်း ပြီး အဆောင်ကိုပျော်ရွှင်စွာ အပူချိန် ၄၅ ဒီဂရီအောက်မှာ လမ်းလျောက်သွားပါတော့တယ် ။ အဆောင်ကိုမြင်နေရပြီလေ ။ တကယ်လို့သာ ရန်ကုန်ကအလုပ်တူတဲ့ အမလိုခင်မင်ရတဲ့သူတွေနဲ့သာမတွေ့ရင် ဘယ်လောက်ရက်ကြာကြာအဲရှေ့ကဆင်းပြီးလမ်းလျောက်နေမယ်ဆိုတာမသိနိုင်ဘူး ။ ကားသမားကိုအဆောင်ထိလိုက်ပို့ခိုင်းလို့ရတယ်ဆိုတာလဲမသိဘူး ။ တော်တော် အူကြောင်ကြောင် နိုင်ခဲ့တဲ့အချိန်တွေပေါ့ ။
ညနေရောက်ချိန်မှာတော့ ထုံးစံအတိုင်းစားစရာမရှိ။ ဘန်ကောက်ကသူငယ်ချင်းကအမြော်အမြင်ကြီးစွာထည့်ပေးလိုက်တဲ့မုန့်ကိုဖောက်စားရင် အိပ်ယာခင်းမရှိတဲ့မွေ့ယာမှာ ကိုယ့်ချစ်သူ ဝက်ဝံဖြူကြီးကို ခေါင်းအုန်းလုပ် သူငယ်ချင်းဘဲ လိုရမယ်ရထည့်ပေးလိုက်တဲ့ လေယာဥ်စောင်ပါးလေးကိုခြုံပြီး ပူပူအိုက်အိုက်မှာ အိပ်ပျော်အောင်ကြိုးစားပါတော့တယ် ။ နားနေခန်းကအဲကွန်းကိုဖွင့် အိပ်ခန်းတံခါးကိုဖွင့်ပြီး ကြောက်ကလဲကြောက် အိပ်လို့လဲမရနဲ့ဒိုဟာရဲ့ပထမဆုံးညကို ဖြတ်သန်းပါတော့တယ် ။
Comments
Post a Comment